နွေရာသီနဲ့ ပန်းနာရင်ကြပ်ရောဂါ
တရွှီရွှီနဲ့ ကြပ်နေတတ်တဲ့ ပန်းနာရင်ကြပ် ရောဂါရှိသူတွေဟာ နွေရာသီအချိန်မှာ ပိုကြပ်လေ့ ရှိပါတယ်။ ပန်းနာရင်ကြပ်မှာ ကြပ်တာဟာ ဓာတ်မတည့်တဲ့ အရာတစ်ခုခုကြောင့် ဖြစ်တတ်ပြီး များသောအားဖြင့် ပန်းဝတ်မှုန်တွေ၊ ဖုန်မှုန်တွေ၊ မတည့်တဲ့ အစားအစာတစ်ခုခုနဲ့ ပူလွန်းအေးလွန်းတဲ့ ရာသီတွေကြောင့် ဖြစ်တတ်ပါတယ်။
နွေရာသီရဲ့ ပူပြင်းလှတဲ့ အပူချိန်နဲ့ လေ့ကျင့်ခန်း လုပ်ရာက ချွေးထွက်လွန်တာတွေက ရင်ကြပ်စေတဲ့ အကြောင်းတရားတွေပါ။ နွေရာသီဟာ ပန်းဝတ်မှုန်တွေ လေထဲမှာ လွင့်ပျံနေတတ်တဲ့ ကာလဖြစ်သလို ဖုန်မှုန်တွေလည်း များတာကြောင့် ရင်ကြပ်ပိုဆိုးနိုင်ပါတယ်။
ဒါ့အပြင် သစ်ရွက်ကြွေတွေကို မီးရှို့တာ၊ နွေအားလပ်ရက်မှာ မိသားစုတွေ စုံပြီး ဘာဘီကျူးကင်စားကြတာမျိုးကနေ မီးခိုးငွေ့တွေ ရှူမိပြီး ရင်ကြပ်ထနိုင်ပါသေးတယ်။ ဒီအချက်တွေအပြင် ကိုယ်တိုင်ဆေးလိပ်သောက်တဲ့သူ၊ ဆေးလိပ်သောက်တဲ့သူနဲ့ အနီးကပ်နေရသူမျိုးဆိုရင် ရင်ကြပ်တာက ပိုမိုဆိုးဝါးမှာပါ။
လူနေထူထပ်တဲ့ ပတ်ဝန်းကျင်၊ လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်မှာ နေရသူတွေဟာ ရင်ကြပ်ရောဂါကို ပိုခံစားရလေ့ရှိပြီး ကျန်းမာရေးအသိပညာ မလုံလောက်တာနဲ့ အချိန်မီ ဆေးကုသမှု မခံယူတာကြောင့် အသက်သေဆုံးနေဆဲ ရောဂါတစ်ခုလည်း ဖြစ်ပါတယ်။
- ရင်ဘတ်ထဲမှာ တင်းကျပ်နေတာ
- ချောင်းဆိုးတာ (အထူးသဖြင့် ညဘက်တွေမှာ)
- အသက်ရှူရခက်တာ၊ မောတာ
- အသက်ရှူရခက်လို့ ညဘက်အိပ်မပျော်တာ
- အသက်ရှူထုတ်လိုက်တိုင်း ရင်ဘတ်ထဲက ရွှီရွှီသံမြည်နေတာတွေက ပန်းနာရင်ကြပ်ရဲ့ ရောဂါလက္ခဏာတွေပါ။
သက်သာဖို့ ဘာတွေလုပ်လို့ရလဲ?
- ပတ်ဝန်းကျင် အခြေအနေကို လေ့လာပြီး ဖြစ်နိုင်ရင် အိမ်ထဲမှာပဲနေသင့်ပါတယ်။ ပန်းနာရင်ကြပ်ရောဂါရှင်တွေအတွက် အသင့်တော်ဆုံး ပြင်ပအပူချိန်က 68-71 ဒီဂရီဖာရင်ဟိုက် ဖြစ်ပါတယ်။
- နေ့ခင်းပိုင်း နေပူချိန် အပြင်မထွက်တာ၊ ကိုယ်လက်လှုပ်ရှား လေ့ကျင့်ခန်းတွေကို မနက်စောစော သို့မဟုတ် ညနေဘက်၊ ညဘက်မှ လုပ်တာ၊ ပန်းပင်တွေများပြီး ဝတ်မှုန်တွေ ရှူမိနိုင်တဲ့ နေရာတွေကို မသွားတာက ရောဂါလက္ခဏာတွေကို သက်သာစေမှာပါ။
- အပြင်ထွက်ရရင်လည်း mask တပ်သွားရင် ဝတ်မှုန်နဲ့ ဖုန်မှုန့်တွေ အသက်ရှူလမ်းကြောင်းထဲ မဝင်အောင် ကာကွယ်နိုင်ပါတယ်။
- ဆေးလိပ်သောက်တာက ပန်းနာရင်ကြပ်အတွက် မကောင်းသလို အပူဒဏ်နဲ့ပေါင်းရင် ပိုဆိုးမှာ အသေအချာမို့ ဆေးလိပ်ဖြတ်ဖို့ လိုပါတယ်။
- သုံးနေကျ ဂေါက်ရှူဆေး (inhaler) ရှိရင် မပြတ်အောင် ဆောင်ထားပါ။
အသက်ရှူကြပ်တာ၊ မောတာ၊ ရင်ဘတ်ထဲက တရွှီရွှီမြည်တာတွေက သုံးနေကျ သောက်ဆေးတွေ၊ ရှူဆေးတွေနဲ့ မသက်သာရင် ဆေးရုံ၊ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပြီး အောက်ဆီဂျင်၊ ရှူဆေးစက်နဲ့ ထိုးဆေးတွေ ပေးဖို့ လိုအပ်တဲ့အခြေအနေ ဖြစ်နိုင်ပါတယ်။
ပန်းနာရင်ကြပ် ရှိနေလို့ နွေရာသီရောက်တာကို ကြောက်နေ၊ စိုးရိမ်နေဖို့ မလိုပါဘူးနော်။ အထက်မှာ ပြောပြခဲ့တဲ့ အခြေအနေတွေကို လိုက်နာရင် ပန်းနာရင်ကြပ်ရဲ့ ရောဂါလက္ခဏာတွေ ဖြစ်ခြင်းမှ အနည်းနဲ့ အများတော့ ကာကွယ်နိုင်မှာပါ။
Healtppy က စာတွေက အတွေးအမြင်ဗဟုသုတ တစ်ခုခု ရခဲ့မယ်ဆိုရင် တခြားသူများလဲ သိအောင် share ပေး၊ mention ပေးခဲ့ကြပါဦး။
ဒေါက်တာ ယဉ်ရွှေရည်